လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Friday, July 27, 2007

ငါ့ကိုမချစ်ပါနဲ့

Blog လေးနေမကောင်းတာ အကြောင်းပြပြီး ပိုစ့်အသစ်မတင်ဖြစ်တာကြာပြီ ဒီကြားထဲမှာ Blog လေးဆီကိုလာလည်ကြတဲ့ သူငယ်ဂျင်းတွေကို ကျေးဇူးတင်ပါတယ် …… နောက်လည်းမကြာမကြာလာလည်နိုင်ပါစေ ….. ခုတော့ဘာပိုစ့်တင်ရမယ်စဉ်းစားမရတာနဲ့ တလောဆီက ၀ယ်တာတဲ့ စာအုပ်လေး အကြောင်းကိုဖောက်သည်ချလိုက်တော့မယ် …

ငါ့ကိုမချစ်ပါနဲ့ တဲ့စာအုပ်လေးနာမည်လေးက ဆန်းတယ်နော်…. ဆရာတော်
အရှင်ဆန္ဒာဓိက ရေးထားတာလေ….. စာအုပ်နာမည်လေးဖတ်ပြီးတော့
ဘလိုအဓိပ္ပာယ်ပါလိမ့်လို့ စဉ်းစားမိတယ် … စဉ်းတော့စဉ်းစားကြည့်တယ်
ဒါပေမယ့်မဟုတ်ဖူး …. ပေါက်ပေါက်ဆုပ်စဉ်းစားမိတာကကျတမျိုး ….
ကောင်မလေးတယောက်မှာရည်းစားရှိတာကို သိရက်နဲ့ တခြားတယောက်က
တဖတ်သတ်လိုက်ချစ်နေလို့များ ကောင်မလေးက ငါ့ကိုမချစ်ပါနဲ့ အဲလိုပြောတာများလား
လို့ထင်တာ တကယ်တန်းတော့မဟုတ်ဖူး …. သူငယ်ဂျင်းတို့လဲ စဉ်းစားကြည့်လေ ဘလို
ထင်တယ်ဆိုတာကို …. အဖြေကိုအောက်မှာဆက်ရေးပေးထားမယ် …. ဟိဟိ ဆရာတော်အရှင်ဆန္ဒာဓိက ရေးထားတဲ့ ငါ့ကိုမချစ်ပါနဲ့ဆိုတာလေးက ဒီလို………
အဲဒီ ငါ့ကိုမချစ်ပါနဲ့ ဆိုတဲ့ စကားလုံးလေးက ပြောတဲ့လူရဲ့ နှလုံးသွင်း နဲ့ နားထောင်တဲ့လူရဲ့ နှလုံးသွင်းပေါ်မူတည်ပြီးတော့ အဓိပ္ပာယ်အမျိုးမျိုးသက်ရောက်နိုင်တယ်တဲ့

ကိုယ့်ကို ချစ်ခွင့်ပန်လာတဲ့လူတယောက်ကို ကိုယ်ကပြန်မချစ်နိုင်လို့ “ငါ့ကိုမချစ်ပါနဲ့” လို့
ငြင်းလိုက်တဲ့ အဓိပ္ပာယ်လဲသက်ရောက်နိုင်တယ်တဲ့…

နောက်ပြီးတော့ ကိုယ့်ကို ချစ်ခွင့်ပန်လာတဲ့လူတယောက်ကို ကိုယ်ကချစ်ပေမယ့်
မိဘက သဘောမတူလို့ ၊ ဆွေမျိုးအသိုင်းအ၀ိုင်းက သဘောမတူလို့ အစရှိတဲ့
အကြောင်းကြောင်းကြောင့် ချစ်ပေမယ့်လဲ ငြင်းလိုက်တဲ့အနေနဲ့ ပြောတယ်လို့လဲ
အဓိပ္ပာယ်သက်ရောက်တယ်တဲ့ …ပြောသူရဲ့လေသံ .. နားထောင်သူရဲ့ စိတ်အပေါ်မှာမူတည်ပြီးတော့ အဓိပ္ပာယ်အမျိုးမျိုး သက်ရောက်နိုင်တာပေါ့

ငါ့ကိုမချစ်ပါနဲ့ဆိုတာကို ဘယ်လိုအဓိပ္ပာယ်ရလဲလို့ ဒကာလေးတယောက်ကိုမေးကြည့်တော့
“ ငါ့ကိုမချစ်ပါနဲ့ ၊ ငါကဘုန်းကြီးဖြစ်နေလို့ပါ ” လို့သဘောပေါက်တယ်တဲ့…..

သူလည်းသူအဓိပ္ပာယ်ပေါက်ချင်သလိုပေါက်တာပေါ့… ဘုန်းကြီးတပါးက မိန်းကလေးတယောက်ကို ပြောလိုက်တဲ့ပုံစံမျိုး သူကယူဆတာပေါ့… မိန်းကလေးတယောက်က ပဲဘုန်းကြီးတပါးကို ချစ်ခွင့်ပန်နေသလိုလို …. ချစ်တဲ့ကြိုက်တဲ့အမူအရာတွေပြနေသလိုလို ……. ။

စသည်ဖြင့်….စသည်ဖြင့်…. များကြီးရှိတယ် …. ကျန်သေးတယ်ရေးထားတာတွေ
ဆက်မရေးပြတော့ဖူး … ဖတ်ရတဲ့သူငယ်ဂျင်းတွေပျင်းကုန်မှာစိုးလို့
ဆရာတော် အဓိကပြောတဲ့ ဓမ္မပုံပြင်လေးကို ရေးပြတော့မယ် ……
အဲဒီပုံပြင်လေးက ရတနာပုံခေတ်က ဆရာတော်ကြီး တစ်ပါးမိန့်ကြားတော်မူခဲ့တာတဲ့
အဲဒီပုံပြင်လေးကို ဆရာတော် က နည်းနည်းပြန်ပြုပြင်ပြီးတော့ ပြောသွားတာတဲ့…

ပုံပြင်လေးကတော့…….
တခါတုန်းက ရွာတရွာမှာ “ မိထက် ” ဆိုတဲ့ မိန်းကလေးတယောက်ရှိတယ် …
နာမည်နဲ့လိုက်အောင်စိတ်ဓာတ်က ထက်တယ် ၊ အသိညာဏ်လဲထက်တယ် ..
မိထက် ရဲ့မိဘတွေက ရွာဦးကျောင်းမှာ ကျောင်းဆောင်တစ်ဆောင် ဆောက်လုပ်ပြီးတော့
လှူဒါန်းထားတယ် … ကျောင်းအလှူရှင်တွေဖြစ်တဲ့ မိထက်ရဲ့မိဘတွေက “ ကျောင်းတစ်ခါ ”
တွေမဟုတ်ကြဖူး … “ ကျောင်းဒကာ ” တွေဖြစ်ကြတယ် ….

တချို့က ကျောင်းကိုဆောက်လှူထားပြီး… ရေစက်ချလို့ပြီးရင် လုံးဝလှည့်မကြည့်တော့ဖူး ….. ပစ်ထားလိုက်ကြတယ် …… အဲလိုလူမျိုးတွေကို “ ကျောင်းတစ်ခါ ” လို့ခေါ်တယ် ။ ကျောင်းကို ရေစက်ချတုန်း တစ်ခါပဲသွားတဲ့သူတွေပေါ့…..

ကျောင်းကို တစ်ခါလှူပြီးးပြီးရော ၊ ကျောင်းဆောက်ထားပြီး ပစ်မထားပဲ နဲ့ ကိုယ့်ကျောင်းမှာ
သီတင်းသုံးတဲ့ ဆရာတော် သံဃာတော်တွေအတွက် လိုအပ်တဲ့ ပစ္စည်းလေးပါးကို အရိပ်တကြည့်ကြည့်နဲ့ ထောက်ပံ့ပြုစုတဲ့ ပုဂ္ဂိုလ်မျိုးကိုမှ “ ကျောင်းဒကာ ” လို့ခေါ်တယ် ။
ကျောင်းကို အမှန်တကယ် အမြဲတမ်းလှူတဲ့ ဒကာပေါ့…..

မိထက်ရဲ့ မိဘများက “ ကျောင်းတစ်ခါ ” တွေမဟုတ်ကြပါဖူး … “ ကျောင်းဒကာ ” တွေ ဖြစ်ကြတယ် ။ သူတို့ဆောက်လုပ်လှူဒါန်းထားတဲ့ ကျောင်းမှာ သီတင်းသုံးတဲ့ ရဟန်းတော်
တွေအတွက် နေ့စဉ်ဆွမ်းပို့ပေးတယ် …..

ဥပုသ်နေ့တိုင်းမှာ မိထက်ရဲ့မိဘတွေရော တစ်မိသားစုလုံး သွားပြီးတော့ ဆွမ်းပို့ကြတယ် ..။
ဥပုသ်နေ့မဟုတ်တဲ့ကြားရက်တွေမှာတော့ မိထက်ကိုပဲ ဆွမ်းပို့ဖို့ တာဝန်ပေးထားတယ် ။
အဲဒီတော့ မိထက်က ဆွမ်းအုပ်ကြီးပိုက်ပြီးတော့ နေ့စဉ်ဆွမ်းသွားပို့ပေးရတယ် …။
ဆွမ်းပို့တဲ့ရက်တွေလဲကြာလာတော့ ကျောင်းမှာ သီတင်းသုံးတဲ့ ဆရာတောနဲ့လည်း ရင်းနှီးလာတယ် …… ။ တစ်နေ့တော့ မိထက်က ဘုန်းကြီးကိုမေးတယ် ……။

“ အရှင်ဘုရား ဒီကျောင်းက ဘယ်သူ့ကျောင်းပါလဲဘုရား ”
“ သြော်….မိထက်ရယ်… မင်းမိဘတွေက င့ါကို ရေစက်ချပြီးလှူထားတော့ င့ါကျောင်းပေါ့ ”

နောက်တစ်ပတ်လောက်ကြာတော့လဲမေးပြန်တယ် … ။

“ အရှင်ဘုရား ဒီသင်္ကန်းတွေက ဘယ်သူ့သင်္ကန်းတွေလဲ ဘုရား ”
“ သြော် … မိထက်ရယ် …. ဒကာ ၊ ဒကာမတွေက ငါ့ကို သဒ္ဓါတရားနဲ့ လှူထားတဲ့ သင်္ကန်းတွေဆိုတော့ ငါ့သင်္ကန်းတွေပေါ့ ”

နောက်တစ်ပတ်လောက်ကြာတော့ မေးပြန်တယ် … ။

“ အရှင်ဘုရား ဒီသပိတ်က ဘယ်သူ့သပိတ်တုန်း ဘုရား ”
“ သြော်…. မိထက်နှယ် … ငါနေ့တိုင်းဆွမ်းစားနေတဲ့သပိတ် င့ါသပိတ်ပေါ့ ”

နောက်တစ်ပတ်လောက်ကြာတော့လည်း မေးပြန်တာပဲ ….

“ အရှင်ဘုရား ဒီဗီရိုတွေက ဘယ်သူ့ ဗီရိုတွေလဲ ”
“ င့ါဗီရိုတွေပေါ့ မိထက်ရယ် ”
“ ဒီစာအုပ်တွေကရော ဘယ်သူ့စာအုပ်တွေလဲ ဘုရား ”
“ ငါနေ့စဉ်ကြည့်နေတဲ့ စာအုပ်တွေ ငါ့စာအုပ်တွေပေါ့ ”

နောက်တစ်ပတ်လောက်ကြာတော့ မေးပြန်ရော …..
ကျောင်းထဲမှာရှိတဲ့ ရေကန်ကြီးကို လက်ညိုးထိုးပြီးတော့ …..

“ အရှင်ဘုရား ဒီရေကန်ကြီးက ဘယ်သူ့ရေကန်ကြီးတုန်း ဘုရား ”
“ မိထက်ရယ် … ငါကိုယ်တိုင် ဦးစီးဦးဆောင်ပြုထားတဲ့ရေကန် ငါ့ရေကန်ပေါ့ ”
ကျောင်းတွင်းမှာရှိတဲ့ သစ်ပင်တွေလက်ညိုးထိုးပြီးတော့လည်း……….
“ ဒီသစ်ပင်တွေက ဘယ်သူ့သစ်ပင်လဲ ဘုရား”
“ သြော် …. ငါကိုယ်တိုင် ဦးဆောင်ပြီးစိုက်ပျိုးထားတဲ့သစ်ပင် ငါ့သစ်ပင်ပေါ့ ”

အဲဒီလိုနဲ့ မိထက်က ဘယ်ပစ္စည်းကို ဘယ်သူ့ပစ္စည်းလဲလို့ မေးမေး ၊ ကျောင်းထိုင်
ဆရာတော်က ငါ့ပစ္စည်းလို့ အမြဲတမ်းဖြေတယ် ။ ဒီလိုနဲ့ တစ်ပတ်ဆယ်ရက်လောက်ကြာ
သွားတော့ မိထက်က မေးပြန်တယ် …

“ အရှင်ဘုရား ၊ အိမ်ရာတည်ထောင်လူ့ဘောင်ကို စွန့်ခွာပြီး တော့ ရဟန်းဘ၀ကို ခံယူ
ထားတာ ဘာရည်ရွယ်ချက်နဲ့လဲ ဘုရား ၊ အရှင် ဘုရားသင်္ကန်းဝတ်နေတာ ဘာရည်ရွယ်ချက်နဲ့လဲဘုရား”

အဲလိုမေးတော့ ဘုန်းကြီးက …

“ မိထက်ရယ် ၊ ငါသင်္ကန်းဝတ်နေတာ နိဗ္ဗာန်လိုချင်လို့ပေါ့ ”
“ အရှင်ဘုရား နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမချစ်ပါနဲ့ ”

အဲဒီစကားကို ခပ်သုတ်သုတ်ပြောပြီး ကျောင်းပေါ်က ပြေးဆင်းသွားတယ် … ။
ကျောင်းပေါ်မှာ ဘုန်းကြီးတစ်ပါးတည်း ခေါင်းကုတ်ကျန်နေတယ် …

“ ဒီကောင်မလေး ဒီစကားငါ့ကို ဘာလို့များပြောပါလိမ့် ၊ ငါလည်းသူ့ကိုချစ်တယ်လို့
တစ်ခါမှ မပြောမိပါဖူး … ချစ်တဲ့သဘောသက်ရောက်တဲ့ အပြောအဆိုလဲ တစ်ခါမှ
မပြောမိပါဖူး … ချစ်တဲ့သဘောသက်ရောက်တဲ့အပြုအမူ အရိပ်အရောင်လဲ တစ်ခါမှ မပြဖူး
ပါဖူး … ဘာလို့များ “ ငါ့ကိုမချစ်ပါနဲ့ ” လို့ပြောပါလိမ့် ”
အပျိုစင်မိန်းကလေးတစ်ယောက်ရဲ့ ‘ ငါ့ကိုမချစ်ပါနဲ့’ ဆိုတဲ့စကားလေးတစ်ခွန်းကြောင့် ကျောင်းထိုင်ဘုန်းကြီး စားမ၀င်အိပ်မပျော်ဖြစ်သွားတယ် … “ နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမချစ်ပါနဲ့ ”
ဆိုတဲ့စကားလေးကသူ့စိတ်ကိုလွှမ်းမိုးသွားတယ် ။

စားလို့မ၀င် ၊ အိပ်လို့မပျော်နဲ့ ရက်နည်းနည်းကြာလာတော့ ပိန်ချုံးလာတာပေါ့ အဲတော့
ကျောင်းမှာရှိတဲ့ ကပ္ပိယကြီးကမေးတယ် ….

“ အရှင်ဘုရား စားမ၀င် ၊ အိပ်မပျော်နဲ့ ဘယ်လိုဖြစ်တာလဲ ဘုရား ”

“ မပြောချင်ပါဖူး ကပ္ပိယကြီးရယ် … မိထက်ပေါ့ ”
“ အရှင်ဘုရားကို မိထက်က ဘာတွေလုပ်လို့တုံး ”
“ ဘာမှတော့မလုပ်ဖူး .. ဒါပေမယ့် မိထက်က င့ါကို စကားတစ်ခွန်းပြောသွားတယ် ။
‘ နိဗ္ဗာန်ရောက်ချင်ရင် ငါ့ကိုမချစ်ပါနဲ့ ’ တဲ့ ငါကလည်းသူ့ကိုချစ်တဲ့အရိပ်အယောင်တစ်ခါမှ
မပြခဲ့ပါဖူး အဲဒီအတွက် ငါဦးနှောက်စားပြီးတော့ စားမ၀င် ၊ အိပ်မပျော်ဖြစ်နေတာပါ ”
“ ဒါဆို ဒီကိစ္စ တပည့်တော် စုံစမ်းမယ် ဘုရား ” ဆိုပြီးတော့ ကပ္ပိယကြီးက ကျောင်းဒကာကြီးကို မေးတယ် ။ ကျောင်းဒကာကြီးကလဲ သူကိုယ်တိုင်မမေးပဲ ကျောင်းအမကြီးကို တဆင့်မေးခိုင်းတယ်

“ နင်တို့မိန်းမချင်း တိုးတိုးတိတ်တိတ် ကြိတ်ပြီးတော့ မေးစမ်းပါအုံး ”


အဲဒါနဲ့ ကျောင်းအမကြီးက တိုးတိုးတိတ်တိတ် ကြိတ်ပြီးတော့မေးတယ်


“ လာပါဦး မိထက် ၊ ညည်းက ဘုန်းကြီးကို သွားပြီးတော့ ‘ နိဗ္ဗာန်လိုချင်ရင် ငါ့ကိုမချစ်ပါနဲ့ ’ လို့ ပြောခဲ့တယ်ဆို ”

“ ဟုတ်တယ်လေ အမေရဲ့”
“ ညည်းကဘာလို့ အဲဒီလိုသွားပြောရတာလဲ ။ ဘုန်းကြီးက ညည်းကိုဘယ်တုန်းက ချစ်တယ်လို့ ပြောဖူးလို့တုံး ”
“ မပြောပါဖူး သမီးက ဘုန်းကြီးကို တရားဟောခဲ့တာပါ ”
“ ပေါက်ပေါက်ရှာရှာ ဘုန်းကြီးကသာ ညည်းကို တရားဟောရမှာ ၊ ညည်းကဘုန်းကြီးကို
တရားပြန်ဟောခဲ့ရတယ်လို့ မိုးကြိုးတွေတော့ပစ်နေပါအုံးမယ် ”
“ မဟုတ်ဖူးလေ အမေရဲ့ ဒီကျောင်းက ဘယ်သူ့ကျောင်းလဲမေးတော့ ငါ့ကျောင်း ၊ ဒီသင်္ကန်းဘယ်သူ့သင်္ကန်းလဲမေးရင် ငါ့သင်္ကန်း ၊ ဒီဗီရို ဘယ်သူ့ဗီရိုလဲမေးရင် ငါ့ဗီရို ၊
ဒီစာအုပ် ဘယ်သူ့စာအုပ်လဲမေးရင် ငါ့စာအုပ် ၊ ဒီရေကန် ဒီသစ်ပင် ဘယ်သူ့ဟာတွေလဲမေး
တော့ ငါ့ရေကန် ငါ့သစ်ပင် လို့ပဲဖြေနေတယ် ”
“ ဘယ်ပစ္စည်းကိုပဲမေးမေး ငါ့ပစ္စည်း ၊ ဘယ်ဥစ္စာကိုပဲမေးမေး ငါ့ဥစ္စာ ဆိုတဲ့ အစွဲတွေကျွတ်အောင် ကြိုးစားအားထုတ်ပါဆိုတဲ့ အဓိပ္ပာယ်နဲ့ သမီး တရားဟောခဲ့တာပါ ”

အဲဒီတော့မှ ကျောင်းအစ်မကြီးလဲ သဘောပေါက် တစ်ဆင့်ပြန်ပြောလို့ ကျောင်းဒကာကြီးလဲ
သဘောပေါက် နောက် ကပ္ပိယကြီး လဲ သဘောပေါက် နောက်ဆုံးတော့ ကျောင်းထိုင်ဘုန်းကြီးလဲ သဘောပေါက်သွားတယ် ။

“ သြော်… မိထက်ပြောတာလည်း ဟုတ်သားပဲ ” ဆိုပြီးတော့ ကျောင်းဘုန်းကြီးလဲ အသိတရား
တွေတိုးသွားတော့တယ်

ပုံပြင်လေးကတော့ဒါပါပဲကွယ် ခေါင်းစဉ်လေးဖတ်ပြီး စိတ်ဝင်စားပြီးလာဖတ်တဲ့ သူငယ်ဂျင်းတွေ ပင်ပန်းသွားပီ.....ဟုတ်
င့ါကိုမချစ်ပါနဲ့တဲ့ ဒါပေမယ့် ပေါက်ပေါက်ဆုပ်ကတော့ ငါ့ကိုပဲချစ်နေသေးတယ် ကြိုးစားလိုက်အုံးမယ်



0 comments: