လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Showing posts with label ခလောက်နို့ ပုံပြင်. Show all posts
Showing posts with label ခလောက်နို့ ပုံပြင်. Show all posts

Wednesday, May 30, 2007

အမိန့် ဆိုတာ

တစ်နှစ် ၀ါခေါင်လဦးက မကြုံဖူးအောင် ချောင်းဖျားဖက်မှာမိုးကောင်းတာလှကြောင့် တောင်ရေတွေ
လှိမ့်ဆင်းပြီး သံလွင်မြစ်ရေဟာ ကြည့်နေရင်း တိုးတိုးလာပြီး ဘားအံမြို့ နယ်တစ်ဝိုက်က စိုက်ပြီးစ လယ်ဧက
အမြောက်အမြားဟာ ရေအောက်ကိုရောက်ကုန်တယ် ။

မိုးက နေ့ ရောညပါ မစဲအောင် ဆက်ပြီးရွာနေတုန်းမို့  ရေဟာဒါလောက်နဲ့ မပြီးပဲ ထပ်တိုးဦးမယ့် အလား
အလာတွေ အများကြီးရှိသေးတယ်လို့ လယ်သမားတွေက မျှော်လင့်ထားကြတယ် ။

ဒီအချိန်မှာ လယ်စိုက်ရှင် အရာရှိကြီးတွေက ဘယ်နယ်က စပါးဘယ်လောက်ပျက်မယ် ၊ ရေကျသွားရင်
မိုးစပါး ဘယ်လောက်ထုပ်ပေးရမယ် ဆိုတာတွေကို တွက်ချက်နိုင်ဖို့  မအားမလပ်နိုင်အောင် ခရီးထွက်
"ကွင်းဆင်း" နေကြရတယ် ။

ခုလို အချိန်နဲ့ လုပြီး မအားမလပ်အောင် အလုပ်လုပ်နေကြတုန်း ရုံးအမှုထမ်းတွေနဲ့ ဝန်ထမ်းတွေကို
အလုပ်တွင်တွင်လုပ်ကြဖို့  အတွက် ဌာနဆိုင်ရာ အရာရှိက အမိန့် တစ်ခုထုတ်တယ် ။

ရုံးအမှုထမ်းတွေနဲ့  အလုပ်သမားတွေ ခွင့်မတိုင်ပဲ အလုပ်မပျက်ရ ။ ခွင့်တိုင်တဲ့အခါမှာလည်း အိမ်ကနေ
စာရေးပြီး မတိုင်ကြဘဲ လူကိုယ်တိုင်ရုံးကိုလာပြီး ခွင့်စာတင်ကြဖို့ ။ ခွင့်မတိုင်ပဲ ခွင့်မရပဲ အလုပ်ကပျက်ကွက်
ရင် အရေးယူခံရမယ်ဆိုတဲ့ အရေးပေါ်အမိန့် ကို ထုတ်တယ် ။

အမိန့် ထုတ်ပြီး နောက်နေ့ မှာ အမိန့် ထုတ်တဲ့ အရာရှိကြီး ရဲ့ ကားမောင်းသမား မောင်မြိုင်ဟာ ပေါ်မလာတော့
ဖူး ။ဘာအခွင့်မှလည်းမတင်ဖူး ။

မိုးလေတွေကလဲ သည်းသည်းမည်းမည်းထန်နေတယ် ။ အရာရှိဟာ မိုးထဲ လေထဲ အရေးကြီးတဲ့ သွားစရာ
လာစရာတွေများနေတဲ့ အချိန်မှာ ကားမောင်းသမားက သူ့ ကိုအခွင့်မတိုင် အလုပ်မဆင်းတာကို အင်မတန်
ဒေါသဖြစ်နေတယ် ။ အဲဒီလိုတွေဖြစ်လာမှာစိုးလို့  ကြိုတင်ပြီး အမိန့် ထုတ်ထားတာကို ဂရုမစိုက်လို့ 
မောင်မြိုင်ကို ဒေါသထွက်လို့ မဆုံးဖူး ။ သူ့ ကားလေးသူမောင်းပြီး မကြည်မသာနဲ့  ရေမြုပ်နေတဲ့ ရွာလေးတွေ
ဆီ အရောက်သွားလာခဲ့ရပြီး စာရင်းတွေ ၊ ဇယားတွေ စုံတော့ တခြားဌာနဆိုင်ရာ လူကြီးတွေ ကို ဖိတ်ပြီး
ရေမြုပ်လယ်ယာတွေ အကြောင်းဆွေးနွေးတယ် ။ စာရင်းဇယားတွေတင်ပြတယ် ။ မျိုးဇယားတွေ ထုတ်ပေး
ဖို့  ညှိနှိုင်းကြတယ် ။

အဲဒီအချိန်မှာ မောင်မြိုင်က ရုံးခန်းထဲဝင်လာပြီးတော့ သူ့ အရာရှိရှေ့ဝင်ရပ်လိုက်တယ် ။ ပြီးတော့
" ဆရာ ကျွန်တော် အလုပ်ပြန်ဝင်ပါပြီ ဘာခိုင်းစရာရှိပါသလဲ " လို့  ရိုရိုသေသေနဲ့ မေးလိုက်တယ် ။

မောင်မြိုင်အသံလဲကြားရော သူ့ ဆရာက သူ့ ကို မျက်မှန်ပေါ်ကကျော်ကြည့်ပြီး " မင်းဟာ ခလောက်နို့ သား
ပီပီ ရှိသမျှ စည်းကမ်းတွေကို ဖျက်ဆီးနေတဲ့ကောင် ၊ ငါက အရေးကြီးတဲ့ အချိန်မို့ လို့  ခွင့်မတိုင်ပဲ အလုပ်မပျက် ရဖူး လို့  အမိန့် ထုတ်ထားတာကို မင်းကသွားချင်ရာသွားပြီး လုပ်ချင်ရာလျှောက်လုပ်နေတယ်
အမိန့် နဲ့ စည်းကမ်း ဥပဒေဆိုတာကို လိုက်နာရကောင်းမှန်း သိရဲ့လား မင်းဘာဆင်ခြေပေးဦးမလဲ " လို့ တခြား
လူကြီးတွေရှိပေမယ့် မအောင့်နိုင်တော့ဘဲ စိတ်ဆိုးမာန်ဆိုးနဲ့ မေးလိုက်တယ် ။

ဒီတင် မောင်မြိုင်က ကျောင်းသားလေးတစ်ယောက်လို လက်ပိုက်ပြီးတော့ သူ့ အရာရှိကို " ဆရာ အမိန့် ဆို တာ နားထောင်တဲ့လူရှိမှ အတည်ဖြစ်တာပါ ဆရာ " လို့ အေးအေးဆေးဆေးပြန်ပြောလိုက်တယ် ။

မောင်မြိုင်ရဲ့စကားသံဆုံးတော့ ရုံးခန်းထဲမှာ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားတယ် ။ နောက်
မှ အမိန့် ထုတ်ထားတဲ့ အရာရှိကြီးရဲ့ ဆဲသံ ၊ ပြီးတော့ အားရပါးရ ရယ်သံတွေ ၊ နောက် ဗလုံးဗထွေး ပြောဆို
ကြတဲ့ အသံဗလံတွေနဲ့  ဆူဆူညံညံ အသံတွေ အခန်းထဲကထွက်လာတယ် ။

ဒီအချိန်မှာ မောင်မြိုင် ကတော့ သူ့ ဆရာ ကားထဲရောက်နှင့်နေပြီ ။




အစအဆုံးဆိုရင်

Saturday, May 26, 2007

ငယ်ငယ်တုန်းကမျှစ်ပါ

ခလောက်နို့ နယ်မှာ ဒီကနေ့ ထိ မိဘစကားနားထောင်တဲ့ သားသမီးဆိုတဲ့
ဂုဏ်ကို ကလေးတွေက လိုလိုလားလား ရှိကြတယ်တဲ့ ။ လူကြီးတွေကလဲ
သူတို့ သားသမီးတွေက သူတို့ စကားကို ဘယ်လိုနားထောင်တာပဲလို
အချင်းချင်းကြွားလေ့ရှိကြတယ် ။မိဘစကားနားမထောင်တဲ့ သားသမီးဆိုရင်
ရွာကလူရာမသွင်းပဲ ၀ိုင်းပယ်တားလေ့ရှိကြတယ် ။ဒါကြောင့်လဲ သားသမီးတွေက
မိဘစကားကို နားထောင်ကြတယ်လို့  တချို့ က ယုံကြည်ကြတယ် ။
ဘယ်လိုပဲ ယူဆတဲ့လူက ယူဆကြပါစေ ခလောက်နို့ က ကလေးတွေက
လူကြီးမိဘစကားကိုနားထောင်တာ ကနေ့ ထိ စံနမူနာယူလောက်ပါတယ် ။


အဲဒီပေစာရေးလူလွတ်ကိုတွေ့ တော့ မုဆိုးမကြီးက ဒီလူနဲ့ သာ သူ့ သမီးကို နေရာချလိုက်ရရင်
သူ့ သမီးဟာ ပညာရှိကြီးနဲ့ ပေါင်းဖော်ရလို့  ဂုဏ်လဲရှိတယ် ၊ ငွေကြေးဝင်လမ်းလည်းဖြောင့်
မယ် ၊ တစ်သက်တာစိတ်ချနိုင်ပြီလို့ တွက်ပြီး စေ့စပ်ဖို့ နဲ့ မင်္ဂလာရက်ကောင်းရက်မြတ်ကိုပါ
ရွေးလိုက်တယ် ။

နေ့ ရက်တွေရွေးပြီးတော့မှ သမီးအတွက် စိတ်ချရတဲ့ သမက်ရွေးပြီးပြီ ဆိုတာရယ် ၊ မင်္ဂလာ
ရက်ကိုလဲ သက်မှတ်ပြီးပြီဆိုတာကို ပြောလိုက်တယ် ။ သမီးကလဲ အမေ့သဘောပါလို့ ပဲပြန်
ပြောတယ် ။ ဘယ်ကလဲ ၊ ဘယ်သူလဲ ၊ ဘာလုပ်လဲ ၊ ဘယ်မှာနေလဲ ၊ ဘယ်အရွယ်ရှိပြီလဲဆို
တဲ့ မေးခွန်းမျိုးတောက် ပြန်မမေးလိုက်ဖူး ။

လက်ထပ်မယ့်နေ့ ကျမှ သတို့ သားကိုမြင်ရတော့မှ သမီးဖြစ်သူက မိခင်ဖြစ်သူပေါ် မကျေမနပ်
ဖြစ်ချင်လာတယ် ။ ဘာဖြစ်လို့ လဲဆိုတော့ သူနဲ့ လက်ထပ်ရမယ့်လူက သူ့ ထက် အသက် အများကြီးကြီးလွန်းနေလို့ လေ ။

ဒါပေမယ့် မိဘစကားနားထောင်တဲ့ သမီးပီပီ သူအမေစီစဉ်တဲ့အတိုင်းနာခံလိုက်ပါတယ် ။ ဒါပေမယ့် သူရင်ထဲကမကျေနပ်တာလေးကိုတော့ သူ့ အမေကိုထုတ်ပြောလိုက်တယ် ။
“အမေလူကအသက်ကြီးလှပြီ ၊ အိုလှပါပကော” တဲ့ ။

ဒီတော့ သူ့ အမေမုဆိုးမကြီးက “ ဟဲ့သမီး ဒီလူဟာ မအိုခင်ငယ်ငယ်တုန်းက လူပျိုပဲဟဲ့” လို့ 
ပြန်ပြောလိုက်တယ် ။

နောက်နေ့ မနက်မိုးလင်းတော့ နေ့ စဉ်ဝတ္တရားအရ ထမင်းချက်ရတဲ့ သမီးဆီကတဒုံးဒုံးနဲ့  တစုံတခုကို ခုတ်ထစ်နေသံကြားတာနဲ့  အမေဖြစ်သူက မီးဖိုထဲဝင်ပြီးကြည့်တယ် ။
ဒီမှာဘာတွေ့ လဲဆိုတော့ သမီးဟာ မျက်ရည်တွေတွေကျပြီး ခင်းထားတဲ့ ၀ါးခြမ်းပြားကို
ဖြုတ်ပြီး လက်ညှိုးအရွယ် ၊ လက်မအရွယ် အတုံးအတစ်လေးတွေဖြစ်အောင် ခုတ်ထစ်နေတာ
တွေ့ တာနဲ့  “ ဟဲ့သမီး ၀ါးခြမ်းပြားကလေးတွေ ဘာလုပ်ဖို့ လဲ ” လို့ မေးလိုက်တယ် ။

ဒီတော့ သမီးဖြစ်သူက ရှိုက်သံနဲ့  “ဟင်းချက်မလို့  အမေ ” လို့ ပြန်ဖြေတယ် ။
ဒီအခါ အမေဖြစ်သူက “ ညည်း ရူးများနေသလား ၊ ကြမ်းခင်းတဲ့ဝါးခြမ်းကို ဟင်းချက်ရတယ် ”
လို့ ပြောတော့ သမီးက “ ဒီဝါးခြမ်းပြားဟာလည်း ငယ်ငယ်တုန်းက မျှစ်ပါပဲ အမေရဲ့ ” လို့ 
မျက်ရည်တွေ သွန်ချလိုက်ရင်း ပြန်ပြောပါသတဲ့ ။


အစအဆုံးဆိုရင်

Thursday, May 24, 2007

ဦးပန်းမွှေးရဲ့ရေစက်ချ

နောက်ထပ်ပုံပြင်တစ်ပုဒ်ပြောပြမယ် ။ အဲပုံပြင်က
" အရှေ့ပိုင်းကရင် ခလောက်နို့ ပုံပြင်များ " ထဲကဖြစ်ပါတယ်။

ခလောက်နို့  လှိုင်ဝါးရွာက ဦးပန်းမွှေးဟာ နာမည်နဲ့ လိုက်အောင် သတင်းမွှေးတဲ့
အဘိုးအိုဖြစ်ပါတယ်။ သူ့ မှာရွာကအားထားရလောက်အောင် ပစ္စည်းဥစ္စာလည်း
အသင့်အတင့်ရှိတယ် ။


အလှူအတန်းကိစ္စ ၊ ရပ်ရွာကိစ္စဆိုရင် အများမတတ်နိုင်တာကို သူကတာဝန်ယူတယ် ။
"ကထိန်မှာ ငွေတစ်ရာလောက် လိုမယ်ထင်တယ ဦးပန်းမွှေးရေ" လို့ လာပြောတာမျိုးကို
သူကဘယ်တော့မှမငြင်းဖူး ။ ဇရပ်ဆောက် ၊ ကျောင်းဆောက်
၊ရေတွင်းတူးလို့ ငွေမလောက်
ပြန်ဖူးဆိုရင် "လုပ်သာလုပ် ငါ့တာဝန်ထားလိုက်" လို့ တာဝန်ယူရဲတဲ့ အဘိုးအိုဖြစ်တယ် ။
ဒါ့ကြောင့်သူနာမည်က ခလောက်မြို့ မှာတင်မကဖူး ဒုံရင်းနယ်ဘက်မှာလည်းမွှေးနေတယ် ။
တစ်နှစ်တော့ ရွာသုသာန်ဇရပ်လေးပျက်နေလို့  ရွာသားတွေက အသစ်ပြန်ဆောက်တယ် ။
ဆောက်နေတုန်းတန်းလန်း မဖြည့်မစွက်ဖြစ်နေတာနဲ့  ဦးပန်းမွှေးဆီက အကူအညီတောင်း
တာနဲ့  ဦးပန်းမွှေးက သူ့ ပုတ်ထဲက နှမ်းတွေရောင်းပြီး ရသမျှငွေ အားလုံးကို ထည့်လိုက်တယ်။
ဒါနဲ့  ဇရပ်လေးဟာ တောင့်တောင့်တင်းတင်း သပ်သပ်ရပ်ရပ်လေးဖြစ်သွားရော ။
ဇရပ်လေးပြီးသွားတော့ ထုံးစံအတိုင်း ဇရပ်ရေစက်ချပွဲလုပ်ကြတယ် ။ သံဃာတော်တွေကို
ပင့်ပြီး မလွှဲမကင်းသာလို့  သုသာန်ကဒီဇရပ်ကလေးပေါ်ရောက်လာကြတဲ့ လူအပေါင်းနဲ့  နောင်ကို
ရောက်လာမယ့် လူတွေအားလုံးကို လှူပါတယ်လို့  ရေစက်ချတယ် ။
သုသာန်ရေစက်ချပွဲမှာ ဦးပန်းမွှေးက ရွာမှာ အသက်လည်းကြီး ၊ ၀ါလည်းကြီးတဲ့အပြင် အလှူငွေလည်း
အများကြီးထည့်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အလှူ့ ဒကာများအစား သူက ရေစက်ခွက်ကိုကိုင်ပြီး
ရေစက်ချရတယ် ။
အရှေ့ပိုးကရင်အမျိုးသားများ ဓလေ့တစ်ခုရှိတာက အလှူအတန်းလုပ်လို့ ရေစက်ချတဲ့အခါမှာ
ရေစက်ခွက်ကိုကိုင်ပြီး သွန်းချသူရဲ့ အင်္ကျီစ ၊ ဒါမှမဟုတ် လုံချည်စ ၊ ဒါမှမဟုတ် ခြုံထားတဲ့
စောင်စ ကိုနောက်နီးရာလူက ကိုင်ထားရတယ် ။ ဒီလိုကိုင်ထားရတဲ့လူရဲ့
အင်္ကျီစ ၊
ဒါမှမဟုတ် လုံချည်စ ၊ ဒါမှမဟုတ် ခြုံထားတဲ့စောင်စ ကိုလည်းနောက်နီးရာလူက
ကိုင်ထားရပြန်တယ် ။ ခုလို တစ်ယောက်ရဲ့ ၀တ်ထား ခြုံထားတဲ့ အ၀တ်စကို တစ်ယောက်က
ကိုင်ထားရတာ နောက်ဆုံးတော့ တရားနာသူတိုင်းဟာ မိမိတို့ ရှေ့ကလူရဲ့အ၀တ်စကိုကိုင်မိပြီး
ရှေ့ကလူတွေအားလုံးကလဲ အဆင့်ဆင့်နဲ့ ရေခွက်ကိုင်သူ ၀တ်ထားတဲ့ အင်္ကျီစ ၊ လုံချည်စ ၊
ဒါမှမဟုတ် ခြုံထားတဲ့စောင်စကို တိုက်ရိုက်သော် လည်းကောင်း ၊ သွယ်ဝိုက်၍သော်လည်းကောင်း
ကိုင်ထားရက်သားဖြစ်နေရတယ် ။
ခုလိုလုပ်ကြတဲ့ အဓိပ္ပာယ်က တစ်ညီတစ်ညွတ် တစ်စိတ်တစ်ဝမ်းတည်း လှူတယ် ၊ ကုသိုလ်အဖို့ လည်း
ညီတူညီမျှရကြမယ် ၊ ပြီးတော့ နောင်ဖြစ်လေရာ ဘ၀အဆက်ဆက်မှာ ဒီလူစုနဲ့  ဥမကွဲသိုက်မပျက်
နေကြရမယ်ဆိုတဲ့ အဓိပ္ပာယ်တွေ သူတို့ ဆီမှာရှိတယ် ။
ဦးပန်းမွှေးဟာ အလွှဲမရှောင်သာလို့  သူအင်္ကျီစ ၊ လုံချည်စ ၊ စောင်စတွေကို အကိုင်ခံပြီး
ရေစက်ချဖို့ လုပ်နေရတယ် ။ ဒီဓလေ့ကို တယ်မနှစ်သက်လှဖူး ။ အဓိပ္ပာယ်မဲ့လှတယ် လို့ 
သူထင်တယ် ။
ဒါကြောင့် ဘုန်းတော်ကြီး ဘုရားစာရွတ်ပြီးလို့ အဆုံး သူက အမျှဝေတော့မယ့် အခါကျတော့
"သုသာန်ဇရပ် အလှူကြီးကတော့ အောင်မြင်သွားပါပြီ ၊ ကျုပ်ကကျုပ်မှာရှိတဲ့ မတရားရတဲ့
ငွေနဲ့  အများဆုံးအလှူပါဝင်တဲ့အတွက် နောင်ဘ၀ ကျုပ်နဲ့ အတူ ငရဲလိုက်ခဲ့ကြဖို့ အမျှဝေပါတယ်
ခင်ဗျား။ အားလုံးကြားကြားသမျှ အမျှ...အမျှ...အမျှ" လို့ သူကရှေ့က ကြေးစည်ကိုတီးပြီး အမျှဝေ
လိုက်တယ် ။
ဒီတော့လဲ ဦးပန်းမွှေးရဲ့ အင်္ကျီစ ၊ လုံချည်စ ၊ စောင်စကိုကိုင်ထားတဲ့ လူတွေဟာ ကမန်းကတန်း
လွှတ်လိုက်ပြီး ခပ်ကုပ်ကုပ်ပဲ သာဓုခေါ်ကြပါသတဲ့ ။

ဟီးဟီးဦးပန်းမွှေးကြီးကရီရတယ်နော် ။ ရီသောသူအသက်ရှည်တယ်တဲ့ ။ အဲကြောင့်
ဦးပန်းမွှေးကြီးရေစက်ချကို ဖတ်ပြီး ရီနိုင်ကြပါစေလို့ ..........

အစအဆုံးဆိုရင်