လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Wednesday, May 30, 2007

အမိန့် ဆိုတာ

တစ်နှစ် ၀ါခေါင်လဦးက မကြုံဖူးအောင် ချောင်းဖျားဖက်မှာမိုးကောင်းတာလှကြောင့် တောင်ရေတွေ
လှိမ့်ဆင်းပြီး သံလွင်မြစ်ရေဟာ ကြည့်နေရင်း တိုးတိုးလာပြီး ဘားအံမြို့ နယ်တစ်ဝိုက်က စိုက်ပြီးစ လယ်ဧက
အမြောက်အမြားဟာ ရေအောက်ကိုရောက်ကုန်တယ် ။

မိုးက နေ့ ရောညပါ မစဲအောင် ဆက်ပြီးရွာနေတုန်းမို့  ရေဟာဒါလောက်နဲ့ မပြီးပဲ ထပ်တိုးဦးမယ့် အလား
အလာတွေ အများကြီးရှိသေးတယ်လို့ လယ်သမားတွေက မျှော်လင့်ထားကြတယ် ။

ဒီအချိန်မှာ လယ်စိုက်ရှင် အရာရှိကြီးတွေက ဘယ်နယ်က စပါးဘယ်လောက်ပျက်မယ် ၊ ရေကျသွားရင်
မိုးစပါး ဘယ်လောက်ထုပ်ပေးရမယ် ဆိုတာတွေကို တွက်ချက်နိုင်ဖို့  မအားမလပ်နိုင်အောင် ခရီးထွက်
"ကွင်းဆင်း" နေကြရတယ် ။

ခုလို အချိန်နဲ့ လုပြီး မအားမလပ်အောင် အလုပ်လုပ်နေကြတုန်း ရုံးအမှုထမ်းတွေနဲ့ ဝန်ထမ်းတွေကို
အလုပ်တွင်တွင်လုပ်ကြဖို့  အတွက် ဌာနဆိုင်ရာ အရာရှိက အမိန့် တစ်ခုထုတ်တယ် ။

ရုံးအမှုထမ်းတွေနဲ့  အလုပ်သမားတွေ ခွင့်မတိုင်ပဲ အလုပ်မပျက်ရ ။ ခွင့်တိုင်တဲ့အခါမှာလည်း အိမ်ကနေ
စာရေးပြီး မတိုင်ကြဘဲ လူကိုယ်တိုင်ရုံးကိုလာပြီး ခွင့်စာတင်ကြဖို့ ။ ခွင့်မတိုင်ပဲ ခွင့်မရပဲ အလုပ်ကပျက်ကွက်
ရင် အရေးယူခံရမယ်ဆိုတဲ့ အရေးပေါ်အမိန့် ကို ထုတ်တယ် ။

အမိန့် ထုတ်ပြီး နောက်နေ့ မှာ အမိန့် ထုတ်တဲ့ အရာရှိကြီး ရဲ့ ကားမောင်းသမား မောင်မြိုင်ဟာ ပေါ်မလာတော့
ဖူး ။ဘာအခွင့်မှလည်းမတင်ဖူး ။

မိုးလေတွေကလဲ သည်းသည်းမည်းမည်းထန်နေတယ် ။ အရာရှိဟာ မိုးထဲ လေထဲ အရေးကြီးတဲ့ သွားစရာ
လာစရာတွေများနေတဲ့ အချိန်မှာ ကားမောင်းသမားက သူ့ ကိုအခွင့်မတိုင် အလုပ်မဆင်းတာကို အင်မတန်
ဒေါသဖြစ်နေတယ် ။ အဲဒီလိုတွေဖြစ်လာမှာစိုးလို့  ကြိုတင်ပြီး အမိန့် ထုတ်ထားတာကို ဂရုမစိုက်လို့ 
မောင်မြိုင်ကို ဒေါသထွက်လို့ မဆုံးဖူး ။ သူ့ ကားလေးသူမောင်းပြီး မကြည်မသာနဲ့  ရေမြုပ်နေတဲ့ ရွာလေးတွေ
ဆီ အရောက်သွားလာခဲ့ရပြီး စာရင်းတွေ ၊ ဇယားတွေ စုံတော့ တခြားဌာနဆိုင်ရာ လူကြီးတွေ ကို ဖိတ်ပြီး
ရေမြုပ်လယ်ယာတွေ အကြောင်းဆွေးနွေးတယ် ။ စာရင်းဇယားတွေတင်ပြတယ် ။ မျိုးဇယားတွေ ထုတ်ပေး
ဖို့  ညှိနှိုင်းကြတယ် ။

အဲဒီအချိန်မှာ မောင်မြိုင်က ရုံးခန်းထဲဝင်လာပြီးတော့ သူ့ အရာရှိရှေ့ဝင်ရပ်လိုက်တယ် ။ ပြီးတော့
" ဆရာ ကျွန်တော် အလုပ်ပြန်ဝင်ပါပြီ ဘာခိုင်းစရာရှိပါသလဲ " လို့  ရိုရိုသေသေနဲ့ မေးလိုက်တယ် ။

မောင်မြိုင်အသံလဲကြားရော သူ့ ဆရာက သူ့ ကို မျက်မှန်ပေါ်ကကျော်ကြည့်ပြီး " မင်းဟာ ခလောက်နို့ သား
ပီပီ ရှိသမျှ စည်းကမ်းတွေကို ဖျက်ဆီးနေတဲ့ကောင် ၊ ငါက အရေးကြီးတဲ့ အချိန်မို့ လို့  ခွင့်မတိုင်ပဲ အလုပ်မပျက် ရဖူး လို့  အမိန့် ထုတ်ထားတာကို မင်းကသွားချင်ရာသွားပြီး လုပ်ချင်ရာလျှောက်လုပ်နေတယ်
အမိန့် နဲ့ စည်းကမ်း ဥပဒေဆိုတာကို လိုက်နာရကောင်းမှန်း သိရဲ့လား မင်းဘာဆင်ခြေပေးဦးမလဲ " လို့ တခြား
လူကြီးတွေရှိပေမယ့် မအောင့်နိုင်တော့ဘဲ စိတ်ဆိုးမာန်ဆိုးနဲ့ မေးလိုက်တယ် ။

ဒီတင် မောင်မြိုင်က ကျောင်းသားလေးတစ်ယောက်လို လက်ပိုက်ပြီးတော့ သူ့ အရာရှိကို " ဆရာ အမိန့် ဆို တာ နားထောင်တဲ့လူရှိမှ အတည်ဖြစ်တာပါ ဆရာ " လို့ အေးအေးဆေးဆေးပြန်ပြောလိုက်တယ် ။

မောင်မြိုင်ရဲ့စကားသံဆုံးတော့ ရုံးခန်းထဲမှာ အပ်ကျသံကြားရလောက်အောင် တိတ်ဆိတ်သွားတယ် ။ နောက်
မှ အမိန့် ထုတ်ထားတဲ့ အရာရှိကြီးရဲ့ ဆဲသံ ၊ ပြီးတော့ အားရပါးရ ရယ်သံတွေ ၊ နောက် ဗလုံးဗထွေး ပြောဆို
ကြတဲ့ အသံဗလံတွေနဲ့  ဆူဆူညံညံ အသံတွေ အခန်းထဲကထွက်လာတယ် ။

ဒီအချိန်မှာ မောင်မြိုင် ကတော့ သူ့ ဆရာ ကားထဲရောက်နှင့်နေပြီ ။




1 comments:

သန့်ဇော်မင်း said...

ဟားဟား.. ကောင်းလိုက်တဲ့ ဆင်ခြေ..