လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ ... တို့မေတ္တာအစွမ်း ကမ္ဘာလွှမ်း ငြိမ်းချမ်းကြပါစေ

Thursday, May 24, 2007

ဦးပန်းမွှေးရဲ့ရေစက်ချ

နောက်ထပ်ပုံပြင်တစ်ပုဒ်ပြောပြမယ် ။ အဲပုံပြင်က
" အရှေ့ပိုင်းကရင် ခလောက်နို့ ပုံပြင်များ " ထဲကဖြစ်ပါတယ်။

ခလောက်နို့  လှိုင်ဝါးရွာက ဦးပန်းမွှေးဟာ နာမည်နဲ့ လိုက်အောင် သတင်းမွှေးတဲ့
အဘိုးအိုဖြစ်ပါတယ်။ သူ့ မှာရွာကအားထားရလောက်အောင် ပစ္စည်းဥစ္စာလည်း
အသင့်အတင့်ရှိတယ် ။


အလှူအတန်းကိစ္စ ၊ ရပ်ရွာကိစ္စဆိုရင် အများမတတ်နိုင်တာကို သူကတာဝန်ယူတယ် ။
"ကထိန်မှာ ငွေတစ်ရာလောက် လိုမယ်ထင်တယ ဦးပန်းမွှေးရေ" လို့ လာပြောတာမျိုးကို
သူကဘယ်တော့မှမငြင်းဖူး ။ ဇရပ်ဆောက် ၊ ကျောင်းဆောက်
၊ရေတွင်းတူးလို့ ငွေမလောက်
ပြန်ဖူးဆိုရင် "လုပ်သာလုပ် ငါ့တာဝန်ထားလိုက်" လို့ တာဝန်ယူရဲတဲ့ အဘိုးအိုဖြစ်တယ် ။
ဒါ့ကြောင့်သူနာမည်က ခလောက်မြို့ မှာတင်မကဖူး ဒုံရင်းနယ်ဘက်မှာလည်းမွှေးနေတယ် ။
တစ်နှစ်တော့ ရွာသုသာန်ဇရပ်လေးပျက်နေလို့  ရွာသားတွေက အသစ်ပြန်ဆောက်တယ် ။
ဆောက်နေတုန်းတန်းလန်း မဖြည့်မစွက်ဖြစ်နေတာနဲ့  ဦးပန်းမွှေးဆီက အကူအညီတောင်း
တာနဲ့  ဦးပန်းမွှေးက သူ့ ပုတ်ထဲက နှမ်းတွေရောင်းပြီး ရသမျှငွေ အားလုံးကို ထည့်လိုက်တယ်။
ဒါနဲ့  ဇရပ်လေးဟာ တောင့်တောင့်တင်းတင်း သပ်သပ်ရပ်ရပ်လေးဖြစ်သွားရော ။
ဇရပ်လေးပြီးသွားတော့ ထုံးစံအတိုင်း ဇရပ်ရေစက်ချပွဲလုပ်ကြတယ် ။ သံဃာတော်တွေကို
ပင့်ပြီး မလွှဲမကင်းသာလို့  သုသာန်ကဒီဇရပ်ကလေးပေါ်ရောက်လာကြတဲ့ လူအပေါင်းနဲ့  နောင်ကို
ရောက်လာမယ့် လူတွေအားလုံးကို လှူပါတယ်လို့  ရေစက်ချတယ် ။
သုသာန်ရေစက်ချပွဲမှာ ဦးပန်းမွှေးက ရွာမှာ အသက်လည်းကြီး ၊ ၀ါလည်းကြီးတဲ့အပြင် အလှူငွေလည်း
အများကြီးထည့်တဲ့ ပုဂ္ဂိုလ်ဖြစ်တဲ့အတွက် အလှူ့ ဒကာများအစား သူက ရေစက်ခွက်ကိုကိုင်ပြီး
ရေစက်ချရတယ် ။
အရှေ့ပိုးကရင်အမျိုးသားများ ဓလေ့တစ်ခုရှိတာက အလှူအတန်းလုပ်လို့ ရေစက်ချတဲ့အခါမှာ
ရေစက်ခွက်ကိုကိုင်ပြီး သွန်းချသူရဲ့ အင်္ကျီစ ၊ ဒါမှမဟုတ် လုံချည်စ ၊ ဒါမှမဟုတ် ခြုံထားတဲ့
စောင်စ ကိုနောက်နီးရာလူက ကိုင်ထားရတယ် ။ ဒီလိုကိုင်ထားရတဲ့လူရဲ့
အင်္ကျီစ ၊
ဒါမှမဟုတ် လုံချည်စ ၊ ဒါမှမဟုတ် ခြုံထားတဲ့စောင်စ ကိုလည်းနောက်နီးရာလူက
ကိုင်ထားရပြန်တယ် ။ ခုလို တစ်ယောက်ရဲ့ ၀တ်ထား ခြုံထားတဲ့ အ၀တ်စကို တစ်ယောက်က
ကိုင်ထားရတာ နောက်ဆုံးတော့ တရားနာသူတိုင်းဟာ မိမိတို့ ရှေ့ကလူရဲ့အ၀တ်စကိုကိုင်မိပြီး
ရှေ့ကလူတွေအားလုံးကလဲ အဆင့်ဆင့်နဲ့ ရေခွက်ကိုင်သူ ၀တ်ထားတဲ့ အင်္ကျီစ ၊ လုံချည်စ ၊
ဒါမှမဟုတ် ခြုံထားတဲ့စောင်စကို တိုက်ရိုက်သော် လည်းကောင်း ၊ သွယ်ဝိုက်၍သော်လည်းကောင်း
ကိုင်ထားရက်သားဖြစ်နေရတယ် ။
ခုလိုလုပ်ကြတဲ့ အဓိပ္ပာယ်က တစ်ညီတစ်ညွတ် တစ်စိတ်တစ်ဝမ်းတည်း လှူတယ် ၊ ကုသိုလ်အဖို့ လည်း
ညီတူညီမျှရကြမယ် ၊ ပြီးတော့ နောင်ဖြစ်လေရာ ဘ၀အဆက်ဆက်မှာ ဒီလူစုနဲ့  ဥမကွဲသိုက်မပျက်
နေကြရမယ်ဆိုတဲ့ အဓိပ္ပာယ်တွေ သူတို့ ဆီမှာရှိတယ် ။
ဦးပန်းမွှေးဟာ အလွှဲမရှောင်သာလို့  သူအင်္ကျီစ ၊ လုံချည်စ ၊ စောင်စတွေကို အကိုင်ခံပြီး
ရေစက်ချဖို့ လုပ်နေရတယ် ။ ဒီဓလေ့ကို တယ်မနှစ်သက်လှဖူး ။ အဓိပ္ပာယ်မဲ့လှတယ် လို့ 
သူထင်တယ် ။
ဒါကြောင့် ဘုန်းတော်ကြီး ဘုရားစာရွတ်ပြီးလို့ အဆုံး သူက အမျှဝေတော့မယ့် အခါကျတော့
"သုသာန်ဇရပ် အလှူကြီးကတော့ အောင်မြင်သွားပါပြီ ၊ ကျုပ်ကကျုပ်မှာရှိတဲ့ မတရားရတဲ့
ငွေနဲ့  အများဆုံးအလှူပါဝင်တဲ့အတွက် နောင်ဘ၀ ကျုပ်နဲ့ အတူ ငရဲလိုက်ခဲ့ကြဖို့ အမျှဝေပါတယ်
ခင်ဗျား။ အားလုံးကြားကြားသမျှ အမျှ...အမျှ...အမျှ" လို့ သူကရှေ့က ကြေးစည်ကိုတီးပြီး အမျှဝေ
လိုက်တယ် ။
ဒီတော့လဲ ဦးပန်းမွှေးရဲ့ အင်္ကျီစ ၊ လုံချည်စ ၊ စောင်စကိုကိုင်ထားတဲ့ လူတွေဟာ ကမန်းကတန်း
လွှတ်လိုက်ပြီး ခပ်ကုပ်ကုပ်ပဲ သာဓုခေါ်ကြပါသတဲ့ ။

ဟီးဟီးဦးပန်းမွှေးကြီးကရီရတယ်နော် ။ ရီသောသူအသက်ရှည်တယ်တဲ့ ။ အဲကြောင့်
ဦးပန်းမွှေးကြီးရေစက်ချကို ဖတ်ပြီး ရီနိုင်ကြပါစေလို့ ..........

5 comments:

သန့်ဇော်မင်း said...

ဟားဟား... လူတွေ..လူတွေ..

ပုံပြင်လေးတွေကို နေ့တိုင်းပြောပြနော်.....

:D

Unknown said...

ဦးပန်းမွှေး လုပ်တာတယ်ရီရတယ်..ကောင်းတယ်...
ဟီဟီး..

ပေါက်ပေါက်ဆုပ် said...

ဟုတ်ပ .. ဟီဟိ

phothakhwar said...

တယ်ကောင်းတဲ့ ပုံပြင်လေးပဲ...ငါတောင်မကြားဖူးဘူး..
ကရင်ဖြစ်ပြီးတော့...
ပေါက်ပေါက်ဆုပ်လေးကတော့ ဒီလိုမဟုတ်တာတွေဆိုရသလားမမေး
နဲ့....ဘယ်ချောင်ကစုထားမှန်းမသိဘူး..ပေါ်ပေါ်လာတယ်...

ပေါက်ပေါက်ဆုပ် said...

အံမယ် ဖိုးသခွားက ပုံပြင်တွေမဖတ်ပဲနဲ့ ဘာတွေလျှောက်ဖတ်နေလို့ လဲမှမသိတာ ဟီးဟီး :P